'နင့်အဖေဆီက စာတစ်စောင် ရောက်လာတယ်'
ကျွန်မသူငယ်ချင်းတိုမိုက ပြောသည်။ လေကြောင်းစာအိတ်ပါးပါး ကြွပ်ကြွပ်ကလေးက သူ့လက်ထဲမှာ ကော်ပတ်စက္ကူကို ပွတ်သလို တချွတ်ချွတ် မြည်နေသည်။
ကျွန်တော် ခေါင်းငြိမ့်ပြသည်။ သို့သော် ထမလာ။
'နောက်တော့မှ အေးအေးဆေးဆေး ဖတ်ရင်လဲ ဖတ်ပေါ့ကွယ်' ဆိုပြီး သူကပေးသည်။
ကျွန်မက ကောလိပ်ကျောင်းပြီးကတည်းက ဂျပန်ပြန်သို့ရောက်နေခဲ့ခြင်းဖြစ်သည်။ သို့သော် သည်စဉ်တုန်းကပင် ကျွန်မအိမ်အပြန်ကို သူစောင့်မျှော်နေအကြောင်း အဖေအထပ်ထပ် ပြောခဲ့သည်။
ရောက်ပြီး နှစ်လခန့်အကြာမှာတော့ ကျွန်မ ဂျပန်ပြည်မှာ အင်္ဂလိပ်စာသင်ရင်း ဆက်နေဦးမည့်အကြောင်း အဖေ့ထံ စာရေးအကြောင်းကြားခဲ့ရသည်။ သည်စာကြောင့် အဖေ အတော်စိတ်ထိခိုက်သွားလိမ့်မည်ဆိုတာ ကျွန်မသိသည်။ ထို့ကြောင့်လည်း အဖေ့စာကို ဖတ်ရမှာ ကျွန်မကြောက်နေမိခြင်း ဖြစ်သည်။
အသုံးအဆောင်ပစ္စည်း နည်းပါးလှသည့် အခန်းလေးထဲမှာ ထိုင်ရင်း၊ အဖေငယ်စဉ်ကအကြောင်း ပြန်ပြောင်း ပြောပြချက်တွေကို ကျွန်မ သတိရနေသည်။ အဲသည်တုန်းက တိုင်းပြည်မှာ စီးပွားပျက်ကပ်ကြီးဆိုက်နေချိန်။ အဖေသည် ကုန်ရထားများမှာ လက်မှတ်မပါဘဲ အစုန်အဆန်စီးကာ လေလွင့်သွားလာနေခဲ့သည်။ အိမ်မှာ ရာမှာ အတည်တကျမနေဘဲ အဲသည်လို လှည့်လည်သွားလာနေသည့်စိတ်သည် ကျွန်မအသွေးအသားများထဲမှာလည်း ပါရှိနေသည်။ အဖေ့ထံမှ အမွေရရှိထားခြင်းပင်။
အဖေ့အား အဲသည်လို ခြေသလုံးအိမ်တိုင်ဘ၀ကို စွန့်လွှတ်ဖြစ်စေခဲ့သည့် လက်ဆောင်ပစ္စည်းတစ်ခုအကြောင်းလည်း ကျွန်မစဉ်းစားမိသည်။ အဲဒါက အဖေ၏ လမ်းပေါ်က ဇာတ်လမ်းများထဲတွင် ကျွန်မအနှစ်သက်ဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ သည်ဇာတ်လမ်းကိုတော့ အဖေပြောခဲ့သည့်အတိုင်း အစအဆုံး တစ်လုံးမှမလွဲအောင် ကျွန်မပြန်ရွက်ပြနိုင်သည်။ စစ်စစ်သည်စကားတွေကို အဖေယခုလတ်တလော ပြောဆိုနေသယောင်ပင် ကျွန်မနားထဲ ကြားယောင်လာသည်။
နေ၀င်ချိန် ရောက်လာသည်။ ရထားကလည်း ရော့ကီးတောင်တန်းကြီး၏ အမြင့်ပိုင်းတောင်များဆီသို့ တတ်လာခဲ့ပြီ။ ရေခဲတမျှ ပြင်းထန်သည့်တောင်ပေါ်အအေးဓာတ်က ရထားတွဲထဲ ချင်းနင်းဝင်ရောက်လာသည်။ အဖေက ဖာရာပရပွနှင့် သူ့ကုတ်အင်္ကျီကို ကိုယ်မှာ တင်းတင်းပတ်ရင်း ခြေမှာစီးထားသော ဖိနပ်ကို စိုက်ကြည့်နေမိသည်။
ဖိနပ်က အညိုရောင် သားရေအကြမ်းစားဖြင့် ချုပ်ထားခြင်းဖြစ်သည်။ ဖိနပ်ကြိုးက ခြေကျင်းဝတ်အထက်မှာ ချည်ရသည်။ သည်ဖိနပ်ကိုစီးကာ နွားခြံမှာ နွားတွေအသားတံဆိတ်ရိုက်ခဲ့သည်။ တောထဲတောင်ထဲမှာ သစ်ပင်တွေ ခုတ်လှဲခဲ့သည်။ ပင်လယ်ပြင်မှာကျူနာငါးဖမ်းလည်း ထွက်ခဲ့သည်။ သည်ဖိနပ်တွေ စွပ်ထားသည့်ခြေထောက်ဖြင့်ပင် နယူးယောက်နှင့် ကယ်လီဖိုးနီးယားကြား အရှေ့အနောက် လူးလာခေါက်တုန့်သွားနေသည့် ကုန်ရထားပေါ် အကြိမ်ကြိမ်တတ်ဆင်းလိုက်ပါခဲ့ဖူးပြီ။ ပနားမားတူးမြောင်းကိုဖြတ်သွားသည့်ကုန်သင်္ဘောတစ်စီး၏ ကုန်းပတ်များပေါ်မှလည်း လျှောက်ခဲ့ဖူးပြီ။ သည်လိုဖြင့် တဖြည်းဖြည်း ပါးလှပ်လာသော ဖိနပ်ခွာက ယခုတော့ အက်ကွဲ၍သွားခဲ့ချေပြီ။ အဖေ့အိပ်မက်များနည်းတူ ဖိနပ်သားရေသည်လည်း ဟောင်းနွမ်းဆွေးမြေ့သွားခဲ့ခြင်းဖြစ်လေသည်။
အခြားအခြေမဲ့အနေမဲ့တစ်ယောက် အဖေ့အနီးချဉ်းကပ်လာပြီး ပြောသည်။ ]ရှေ့နားက မြို့တစ်မြို့မှာ လူတစ်ယောက်ရှိတယ်။ သူ့အိမ်က မြေတိုက်ခန်းကို တို့လိုလူတွေအတွက် အမြဲဖွင့်ပေးထားတယ်}
အဖေခေါင်းညိတ်ပြီး အခြားသူများနှင့်အတူ ရထားပေါ်မှ ခုန်ဆင်းလိုက်ပါသွားသည်။ ဆောင်းအကုန် နွေအကူးပေမင့် အပြင်မှာ ဆီးနှင်းတွေ ရှိနေဆဲဖြစ်သည်။ နှင်းခဲပြင်ပေါ် နင်းလိုက်သည့်အခါ ရေခဲအစအနလေးတွေ ကြွေမွသွားတာကို ခြေချောင်းကလေးများက ခံစားသိရှိနေသည်။ သို့သော်ခဏအကြာမှာပင် သူ့သိုးမွှေးခြေအိတ်တွေ စွတ်စိုသွားပြီး ခြေချောင်းကလေးတွေ တအားအေးစက်ကာ ထုံ၍လာသည်။
လပြည့်ညက လရောင်က ထွန်းညှိထားသဖြင့် ဆီးနှင်းဖုံမြေပြင်က ပိတ်သားအခင်းတစ်ခုပမာ ဖြူဖွေးနေသည်။ သူတို့လူစုက တောင်ကုန်းစောင်းကလေးတစ်ခုအတိုင်းဆင်းကာ အိမ်ငယ်တစ်လုံးဆီသို့ လေးကန်သော ခြေလှမ်းများနှင့် သွားနေကြခြင်း ဖြစ်သည်။ မြေတိုက်ခန်းထဲရောက်သောအခါ အဖေက ထောင့်တစ်နေရာရှာပြီး သွားခွေသည်။ သို့သော်ခြေထောက်တွေ အေးစက်ထုံကျင်နေသဖြင့် သူ မအိပ်နိုင်။ ခြေချောင်းကလေးတွေကို ပွတ်သပ်နှိပ်နယ်ပေးသည်။ သို့သော်လက်မှာရှိသည့်အနွေးဓာတ်က ၄င်းတို့ဆီ ကူးလူးနိုင်ခြင်းမရှိ ဖြစ်နေသည်။
'ဘာဖြစ်လို့လဲဗျာ သူ့နံဘေးမှတစ်ယောက်က မေးသည်။ အသံက ခပ်လုံးလုံးခပ်လေးလေး။ သို့သော်စာနာသော သဘောပါသည်။ အဖေလှမ်းကြည့်တော့ ပိန်ပိန်ရှည်ရှည်လူတစ်ယောက်။ အသက် ၂၀ကျော် ၃၀ နီးပါးလောက်ရှိမည်။
'ခြေချောင်းတွေ အေးခဲနေလို့ဗျ' အဖေက တိုတိုပြတ်ပြတ် ဖြေသည်။ ဖိနပ်ကို ထိုးပြသည်။ ]ဒါတွေက ပွင့်ထွက်နေပြီ}။
အဖေက လူစိမ်းနှင့် စကားမပြောချင်။ လပေါင်းများစွာ လမ်းပေါ်မှာနေခဲ့သည့်အတွေ့အကြုံက အဖေ့မှာ နဂိုကရှိခဲ့သည့် လူတစ်ဖက်သားအပေါ် ယုံကြည်တတ်သောစိတ်ကို ဖဲ့ခွာချခဲ့ပြီး ဖြစ်သည်။ လုပ်ခ ဘယ်၍ဘယ်လောက်မျှပေးမည်ဟု ကတိပြုထားပြီး လုံးဝမပေးသည့်အလုပ်ရှင်တွေ၊ ပိုက်ဆံအကြွေတစ်ပြားနှစ်ပြားအတွက် သို့မဟုတ် ရှပ်အင်္ကျီလေးတစ်ထည်အတွက် ခိုက်ရန်ဖြစ်ပွားကြသူတွေ၊ သည်လို မဖြစ်စလောက်လေးတွေကိုပင် ခိုးတတ် ၀ှက်တတ်ကြသူတွေ သူကြုံရသည်။
'ကျွန်တော့်နာမည် အားလ်ပါ' လူစိမ်းကဆိုသည်။ ]ကင်းဆတ်ပြည်နယ် ၀ီချီတောက လာတာပါ} ဟု ဆက်ပြောပြီး လက်ကို ဆန့်တန်းပေးသည်။ လက်တံကလည်း ပိန်ပိန်ရှည်ရှည်။
'ကျွန်တော်ဆိုးလ်ပါ၊ နယူးယောက်က' အဖေ ၀တ်ကျေတန်းကျေ ပြန်ပြောပြီး သူ့လက်ကို သတိနှင့် လှမ်းဆုပ်လိုက်သည်။
ထို့နောက် အားလ်က သူ့ဘ၀အကြောင်းတွေ အဖေ့အား ပြောပြသည်။ သူက လယ်သမားမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ သူ့ဘိုးဘေးအစဉ်အဆက်ပင် ဂျုံစပါးစိုက်ပျိုးလာခဲ့ကြသည်။ သို့သော် သူ့ကျတော့မှ တောမြို့သေးသေးမှာ နေရတာကို ဘ၀င်မကျဖြစ်လာသည်။ လူ့ဘ၀ဆိုတာ နေထွက်ကနေ နေ၀င် လယ်ယာမြေမှာချည်း အချိန်ကုန်ဖို့ မဟုတ်၊ မူလတန်းကျောင်းကတည်းကပင် သိလာသော ကောင်မလေးမျိုးနှင့် လက်ထပ် တစ်ပတ်တစ်ခါ ဘုရားကျောင်းမှန်မှန်သွားဆိုသော ပုံစံမျိုးနှင့် နေဖို့မဟုတ်၊ တခြားသည့်ထက်မက ရှိရဦးမည်ဟု သူမြင်ကာ ပိုင်းဖြတ်ချက်ချသည်။ သို့နှင့် . . . ၊ စသည်ဖြင့် သူပြောနေဆဲမှာပင် အဖေက ငိုက်မြည်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
နောက်နေ့မနက်တွင် ကင်းဆက်နယ်ဘက်သို့သွားသည့် ရထားတစ်စီးပေါ်ခုန်တတ်ကာ သူတို့လိုက်ပါလာခဲ့ကြသည်။ ညနေစောင်းလောက်ရောက်တော့ တောင်တွေကို ကျော်လွန်ကာ ပရေရီလွင်ပြင်ဒေသထဲ ၀င်လာခဲ့သည်။ ညရောက်လျှင် ရာသီဥတုက မနေ့ကထက်ပင် အေးလာပြန်သည်။ အဖေက ခြေချောင်းတွေထဲ ပုံမှန်သွေးလည်ပတ်နေစေရန် ခြေကို ဆောင့်လိုက် နင်းလိုက် ထုထောင်းလိုက် လုပ်နေရသည်။
'ခြေထောက်တွေ အတော်များ ကိုက်ခဲနေလားဗျာ' အားလ်က ကရုဏာဖြင့် မေးသည်။
'ဘာမှမဖြစ်ပါဘူး' အဖေက အသံပြတ်ပြတ်နှင့် ဖြေသည်။လမ်းပေါ်ကရခဲ့သည် သင်ခန်းစာတစ်ခုအရ သူသည်လို တုံ့ပြန်ခြင်းဖြစ်သည်။ သူတစ်ပါးရှေ့မှာ မိမိစိုးရိမ်ထိတ်လန့်နေသည့် အမူအရာမျိုး၊ အကျပ်အတည်း ကြုံနေသည့်လက္ခာမျိုး လုံးဝမပြနှင့်၊ တစ်ဖက်လူက ဒါကိုအခွင့်ကောင်းယူပြီး မဟုတ်တာ လုပ်သွားလိမ့်မည်ဟူသော သင်ခန်းစာ။
'ခင်ဗျားမှာ မိသားစုရှိလား'
အဖေက ခေါင်းညိတ်သည်။ သည်မေးခွန်းကြောင့် သူစိတ်ထဲ နည်းနည်လှုပ်ရှားသွားသည်။ လုံးဝမျှော်လင့်မထားသော မေးခွန်းမျိုး။ ]ညီမတစ်ယောက်ရယ်၊ အဖေရယ်၊ ဦးလေးနှစ်ယောက်ရယ်၊ ဒါပါပဲဗျာ} အဖေ ပြန်ဖြေလိုက်သည်။
'လူနည်းနည်းများများ မိသားစုက မိသားစုပဲဗျာ' အားလ်က ဆိုပြီး အဖေ့ကိုစေ့စေ့ကြည့်သည်။ ]ဒီလိုဗျ ကျွန်တော့်စိတ်ထဲမှာ လယ်ကွင်းပြင်ကို ကျောခိုင်းပြီး ထွက်လာနိုင်ရင် လယ်တောက ကောင်လေးဆိုတဲ့ ကျွန်တော့်ဘ၀ကို ခါချနိုင်ပြီလို့ ထင်ထားတာ၊ ဒါပေမယ့် မရဘူးဗျ။ အဲဒီကောင်လေးက ဟောဒီထဲမှာ ရှိနေတုန်းပဲ} ဆိုပြီး သူက နှလုံးသားနေရာကို ပုတ်ပြသည်။ ] ကျွန်တော် ခြေသလုံးအိမ်တိုင်ဘ၀ကို ငြီးငွေ့သွားပြီဗျာ၊ ၀ီချီတောမှာဆိုရင် အနည်းဆုံးလယ်သမားလူငယ်တစ်ယောက်အနေနဲ့တော့ အမြစ်တွယ်စရာရှိသေးတယ်}
'ကျွန်တော်ကတော့ လယ်ယာမြေက လာတဲ့သူမဟုတ်ဘူးဗျာ' အဖေက ပခုံးတွန့်ရင်း ဆိုသည်။
'အင်းလေ၊ ဒါဖြင့်လဲ ခင်ဗျား ကျွန်တော်တို့အိမ်အလည်လိုက်ခဲ့ပါလား ဆိုးလ်၊ ကျွန်တော့်အစ်မက အချက်အပြုတ် သိပ်ကောင်းတာဗျ'
အဖေ့ကို ဘယ်သူကမှ ယခုလို နာမည်တပ်မခေါ်ခဲ့တာ အတော်ကြာပြီ ဖြစ်သည်။
'ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါပေမယ့် အခုတော့ ကျွန်တော် ကိုယ့်အိမ်တောင် ကိုယ် မပြန်နိုင်သေးဘူးဗျာ၊ ခင်ဗျားအိမ်လိုက်ဖို့တော့ ပိုခက်တာပေါ့' အဖေက ပြန်ပြောလိုက်သည်။
'ဘာဖြစ်လို့လဲဗျာ' အားလ်က ဆက်မေးသည်။
အဖေက စုတ်ပြတ်နေသော သူဂျက်ကတ်အင်္ကျီနှင့် အောက်ခြေက ဟပြဲနေသော ဖိနပ်ကို ကြည့်နေသည်။ ဖခင်ထက်သာအောင် လုပ်ပြမည်ဟု ကြွေးကြော်ပြီး အိမ်ကထွက်လာခဲ့သော လူငယ်တစ်ယောက်အနေနဲ့ နဂိုထက် အများကြီးဆိုးရွားသော အနေအထားမှာ အိမ်ကိုဘယ်သို့ ပြန်နိုင်မည်နည်း။ 'ကျွန်တော် နယူးယောက်က ထွက်လာတုန်းက ကိုယ့်ကိုကိုယ် ဘာကောင်ညာကောင် ဖြစ်ရမယ်ဆိုပြီးလာခဲ့တာ၊ ဘာကောင်မှမဖြစ်သေးဘဲ ကျွန်တော်ပြန်လို့မရဘူး' အဖေက အဖြေပေးလိုက်သည်။
ရထားအပြင်ဘက်ဆီ ကြည့်လိုက်တော့ မှောင်မိုက်၍ နေပြီ။ ကောင်းကင်ယံမှာသာ ကြယ်ကလေးတွေ တလက်လက်မြင်ရသည်။ လမ်းမီးရောင်များအောက်မှာ ကြီးပြင်းရသူတစ်ဦးအနေနှင့် သည်လိုမှောင်မိုက်သောဝန်းကျင်းကို အဖေမမြင်ဘူးခဲ့။ သူ့စိတ်ထဲမှာတော့ အထီးကျန်နိုင်သလို ခံစားမိလိုက်သည်။ 'တစ်နေ့တော့ ကျွန်တော်လည်း အိမ်ပြန်မှာပေါ့ဗျာ၊ ပိုက်ဆံနည်းနည်းပါးပါးစုမိပြီး အိမ်အပြန်စီးသွားစရာ ဖိနပ်ကလေးဘာလေး ရှိလာတဲ့အခါပေါ့' အဖေ့နှုတ်က မပွင့်တပွင့် ဆိုသည်။
ခဏကြာတော့ သူခြေထောက်ကို လေးလံသောပစ္စည်းတစ်ခုလာထိတာ အဖေသိလိုက်ရသည်။ လှည်းကြည့်တော့ အားလ်၏ဖိနပ်တစ်ဖက် သူ့နဘေးကြမ်းပြင်မှာ ရောက်နေတာတွေ့ရသည်။ ဖိနပ်က အညိုရောင်၊ ခွာက ထူထူကဲကဲ။
'စီးကြည့်ဗျာ' အားလ်က ဆိုသည်။
'ဘာအတွက်လဲဗျ'
'ဖိနပ်ကောင်းကောင်းရှိရင် အိမ်ပြန်နိုင်မယ်လို့ ခုပဲခင်ဗျားပြောတယ်မဟုတ်လားဗျ၊ ကျွန်တော့်ဖိနပ်က အသစ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် အပေါက်တွေ အပြဲတွေ မပါဘူးဗျာ'
အဖေငြင်းသည်။ သို့သော် အားလ်က လက်မခံ။
'သာစီးကြည့်စမ်းပါ ဆိုးလ်၊ အခုလက်တလော ခင်ဗျားခြေထောက် နွေးသွားမှာ'
အဖေက အေးစက်နေသော ခြေထောက်နှစ်ဖက်ကို ဖိနပ်ထဲ စွပ်ကြည့်သည်။ ဖိနပ်က အနေတော်ပင်။ 'ကျွန်တော် ယူတော့ မယူနိုင်ဘူးဗျာ' အဖေက ပြောလိုက်သည်။
'ခဏဖြစ်ဖြစ် စီးထားလိုက်ပါ၊ ကျွန်တော်ပြန်လိုချင်တဲ့အခါ ပြောပါ့မယ်' ဆိုပြီး နောက်တစ်ဖက်ပါ ပစ်ပေးသည်။ ပြီး အဖေ့ဖိနပ်ကို သူကောက်စွပ်လိုက်သည်။
အဖေက ဖိနပ်ကြိုးတွေပါ ချည်လိုက်သည်။ သူ့ခြေချောင်းကလေးများက စိုးစိုးစစ်စစ် ဖြစ်လာပြီး သွေးအသွားအလာမှန်ကာ နွေးထွေးစပြုလာသည်။ ခြေထောက်ကလေး နွေးထွေးသည့်အရသာကို ယခုမှပင် ပြန်ခံစားမိတော့သည်။ သည့်နောက်တွင်မူ ရထားသံ တဝေါဝေါနှင့်အတူ လွင့်မြောကာ တဖြည်းဖြည်း ငိုက်မျဉ်းအိပ်ပျော်သွားတော့သည်။
မနက်အရုဏ်တက်တွင် အဖေနိုးလာသည်။ ရထားတွဲထဲမှာ သူ့အပြင် အခြားအခြေမဲ့အနေမဲ့နှစ်ယောက်သာ တွေ့ရသည်။ အားလ်က မရှိတော့။ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အဖေက သူတို့အား အားလ်ကို မြင်လိုက်သလား မေးသည်။
'အရပ်ရှည်ရှည်နဲ့လူလား၊ ၀ီချီတောမှာ ရထားပေါ်က ခုန်ဆင်းသွားတာပဲ' ဟု တစ်ယောက်က ဖြေသည်။
'ဟာ သူ့ဖိနပ် ကျန်ခဲ့ပြီဗျ၊ ကျွန်တော် သူ့ဖိနပ်စီးထားတာ' အဖေကဆိုသည်။
'ကျွန်တော့်ကိုမှာခဲ့တယ်ဗျ၊ သူနယားယောက်ကို တစ်ခါမှ မရောက်ဖူးဘူးတဲ့၊ ဒါပေမယ့် အနည်းဆုံး သူ့ဖိနပ်တော့ ရောက်ဖူးစေချင်တယ်လို့ ပြောလိုက်ပါ၊ တဲ့ . '
အဖေ မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ယမ်းခါနေမိသည်။ မရှိဆင်းရဲသား အချင်းချင်းကြားမှာ သူတစ်ပါးလမ်းလျှောက်ဖို့ ကိုယ့်ဖိနပ်ကို ချွတ်ပေးသည်ဆိုတာထက် ပို၍ ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုမျိုး မရှိနိုင်ပါ။ သည်လိုအပြုအမူမျိုး အဖေတစ်ခါမျှလည်း မကြုံဘူး မတွေ့ဘူးခဲ့ပါ။
ဒါဖြင့် တခြားမှာကော။ အဖေက ယခင်သူ့အိမ်နီးချင်းများအကြောင်း ပြန်ပြောင်းစဉ်းစားကြည့်သည်။ အခန်းငှားစားသည့်အိမ်ပိုင်ရှင် မိန်းမကြီး မစ္စစ်စတိုးလ်သည် နေထိုင်မကောင်းသူများကို ပြုစုလေ့ရှိတာ အမှတ်ရသည်။ အိမ်နီးချင်းတစ်ဦးဖြစ်သူ မစ္စစ်ရွိုင်းဆိုလျှင်လည်း အိမ်တစ်အိမ်မှာ အဓိကငွေရှာပေးနေသည့် ပုဂ္ဂိုလ် အလုပ်ပြုတ်၍ ဒုက္ခရောက်နေကြပြီဆိုလျှင် စားစရာ သောက်စရာများ ယူသွားပေးတတ်သည်။
အခက်အခဲတွေ နစ်နာဆုံးရှုံးမှုတွေ သူတို့ကိုယ်တိုင်ကြုံဖူးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဒါတွင်မက စစ်မှန်သော စေတနာ သဒ္ဒါတရားဟူသည် မိမိမှာ ရှိတာပိုတာကို ပေးခြင်းမဟုတ်။ သူတစ်ပါးလိုအပ်နေသောအရာကို ပေးခြင်းသာဖြစ်ကြောင်း သူတို့သဘောပေါက်ခြင်းကြောင့်လည်း ဖြစ်လိမ့်မည်၊ စသဖြင့် အဖေတွေးမိသည်။ သူ လုံးလုံးလျားလျား မေ့လျော့နေခဲ့သော အရာတစ်ခုကို ပြန်၍ ခံစားသိရှိလာခြင်းပင်တည်း။
ဘေးတွင် တရိပ်ရိပ် ပြေးလွှားကျန်ရစ်သည့် ကင်းဆတ်နယ်၏ ဂျုံစိုက်ခင်းပြင်များကို ငေးကြည့်ရင်း အားလ် သူ့ကိုပေးခဲ့သည်မှာ ဖိနပ်တစ်ရံသာမဟုတ်။ တစ်ပါးသောသူတို့အပေါ် ရှိခဲ့ဖူးသည့် မိမိ၏ ယုံကြည်မှုကိုပါ တစ်ဖန် ပြန်ပေးခဲ့ခြင်းပေတကားဟု အဖေက တစိမ့်စိမ့်တွေးကာ သဘောပေါက်နေခဲ့မိသည်။
အဲသည်နေ့ နေ့လည်မှာ နယူးယောက်သို့ သွားမည့်ကုန်တွဲတစ်တွဲပေါ် အဖေခုန်တတ်လိုက်ပါခဲ့သည်။ သူ အိမ်ပြန်ရောက်သည့်အခါ ခါတိုင်း မိမိခံစားမှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့မရှိသည့် ကျွန်မဘိုးဘိုးက သားဖြစ်သူအား ၀မ်းသာလှိုက်လှဲစွာ ပွေ့ဖက်ဆီးကြိုသည်။ အဲသည်ည လမ်းပေါ်က အဖေ့အတွေ့အကြုံများအကြောင်း ပြန်ပြောစဉ် အဘိုး၏ မျက်နှာမှာ စိတ်သက်သာမှု အရိပ်အရောင်သဲ့သဲ့ ယှက်သန်းနေတာ အဖေ သတိပြုမိခဲ့သည်။ သူ့သားတစ်ယောက် ဘယ်တော့မှ ပြန်ရောက်မလာမှာကို စိုးကြောက်ရင်း အဘိုး စောင့်မျှော်နေခဲ့တာပါတကားဟုလည်း အဖေ ခံစားသိရှိခဲ့ရသည်။
လေကြောင်းစာအိတ်ကလေးကိုဖွင့်ကာ အထဲမှစာကို ကျွန်မ ဆွဲထုတ်လိုက်သည်။ စာက ခပ်တိုတိုပင်။ အဖေက ခံစားမှုတွေမရေး၊ အဖြစ်အပျက်တွေသာ ရေးထားသည်။ မြက်ခင်းကို ရေဖျန်းရန်အတွက် ရေပန်းများ သူတပ်ဆင်နေတာ၊ အမေခန်းဆီးတွေ အသစ်လဲထားတာ၊ အိမ်က ခွေးကို တိရစ္ဆာန်ဆေးကုဆရာဝန်ထံ သွားပြရတာ၊ စသည်များ ဖြစ်သည်။
အဲသည်နောက်အဆုံးနားရောက်ကာမှ နည်းနည်းလေးရေးထားသည်။ 'သမီးဆန္ဒရှိတယ်ဆိုရင်တော့ ဂျပန်မှာ နေချင်သလောက် နေပါ။ သမီးစိတ်ချမ်းသာတာကိုပဲ အဖေလိုချင်ပါတယ်။ အဲဒီမှာ ပျော်နေမယ်ဆိုရင်လဲ အဖေတို့နားလည်ပါတယ်။ ဒါပေမယ့် ခရီးဘယ်လောက်ဝေးသည်ဖြစ်စေ၊ လမ်းပန်းဘယ်လောက်ကြမ်းသည်ဖြစ်စေ အိမ်ဆိုတာပြန်ချင်ရင် အချိန်မရွေးပြန်လာလို့ရတဲ့နေရာဆိုတာ သမီးမမေ့ဖို့ တစ်ခုပဲ အဖေမှာချင်တယ်' ဟူ၍။
အဖေ့စကားလုံးတွေက ကျွန်မအတွက် အလွန်အဖိုးတန်သော လက်ဆောင်မွန်တစ်ခု ဖြစ်ခဲ့သည်။ အားလ်ပေးခဲ့သည့် ဖိနပ်က အဖေ့အတွက် အကြီးအကျယ်တန်ဖိုးရှိဲ့သလိုပင်။ သည်လက်ဆောင် နှစ်ရပ်လုံးပင် စွန့်လွှတ်အနစ်နာခံခြင်း၊ ရက်ရောသဘောပြည့်ဝခြင်းဟူသော အဓိပ္ပာယ်ကို တူညီစွာ ဖော်ပြခဲ့ကြသည်။
ဂျပန်ပြည်မှာ ကျွန်မအစီအစဉ်တွေက မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ပါ။ ရမည်ထင်ထားသည့်အလုပ်ကို ကျွန်မ မရခဲ့၊ ဂျပန်နှင့် စပ်လျဉ်းသည့် ကျွန်မစွဲလမ်းတွယ်ငြိမှုများလည်း လျော့ပါးမှေးမှိန်သွားခဲ့သည်။
သို့နှင့် အိမ်သို့ပင် ကျွန်မပြန်ခဲ့သည်။ မိဘတို့၏ ဆန္ဒကို ပယ်လှန်လေ့မရှိသည့် ကလေးသူငယ်တစ်ယောက်၏ နာခံစိတ်မျိုးသက်သက်ဖြင့်မဟုတ်။ အရွယ်ရောက်သော သူတစ်ယောက်မှာရှိသည့် ကိုယ်ပိုင်နှလုံးသား၏ ဆွဲဆောင်မှု၊ ကျွန်မဘယ်တော့အခါမျှ တွေ့ကြုံဆုံစည်းနိုင်စရာမရှိသည့် အခြေမဲ့အနေမဲ့တစ်ယောက်ပေးခဲ့ဘူးသော လက်ဆောင်မွန်ကို အမွေအနှစ်တစ်ခုသဖွယ် ဆင့်ပွားခံစားခဲ့မှုတို့ဖြင့် ကိုယ့်အိမ်ကိုယ့်ယာဆီ ကျွန်မ အရောက်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
[မူရင်း။ ။ Suzanne Chazin ၏ Long Journey Home]
စာချပ်။ ။ ဖေမြင့် ၏ ဦးနှောက် နှင့် နှလုံးသား (ခံစားမှု အတွေးစာစု) မှ
Wednesday, September 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment